top of page

I'm a title. Click here to edit me

“တကယ်တော့လည်း ထာဝရဆိုတာ အဆက်မပြတ်ဖြစ်နေတဲ့ တဒင်္ဂလေးများစွာပါပဲ”


၂၀၁၂ ဟာ ဘယ်တော့မှ ပြန်မလာတော့ဘူး နိုးလည်းမနိုးထတော့ဘူး၊ ဒါပေမယ့် သမိုင်းရဲ့ စာမျက်နှာတစ်ရွက်ကိုတော့ သူ့အနေနဲ့ ထိုက်သင့်တဲ့နေရာ သူ့နေရာမှာသူရှိနေမှာပါ။
အချိန်ဆိုတာ ပြောင်းလဲနေတဲ့အရာတွေကို သတ်မှတ်ထားတဲ့ သညာတစ်ခုလို့ဆိုချင်တယ်၊ လူတိုင်းလည်းဒီပြောင်းလဲမှုတွေကို ရင်ဆိုင်ကြရတာပဲ၊ မှတ်မိနေတဲ့ အမှတ်တရတွေရှိခဲ့ကြသလို့ အမှတ်တမဲ့တွေ၊ မမှတ်မိချင်ကြတဲ့ အဖြစ်အပျက်တွေလည်းရှိကြမှာပါဘဲ။
လူတွေဟာ အောင်မြင်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်မိကြမှာမဟုတ်သလို၊ ရှုံးနိမ့်ခြင်းတွေနဲ့ စိတ်ပျက်အားလျော့နေကြချိန်တွေမှာ ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်မိကြမယ်မထင်ပါဘူး။
၂၀၁၂ ခုနှစ်ရဲ့ ဇန်န၀ါရီ 1ရက်က တော့ ဘ၀ရဲ့ အပြောင်းအလဲတစ်ခုကို စတင်ချိန်ပေါ့၊ သတင်းသမားဖြစ်ချင်တဲ့ အိပ်မက်တစ်ခုကို စတင်မက်ခွင့်ရတဲ့ ပထမဆုံးနေ့လည်းဖြစ်တယ်၊ ၀ါသနာနဲ့ ထပ်တူကျမယ့် လမ်းကြောင်းပေါ်ရောက်နေပြီလားဆိုတဲ့ အချက်ကတော့ အဲဒီတုန်းက မှတ်တမ်းထဲမှာ မှတ်မှတ်သားသား မရေးခဲ့မိဘူး။
ဘ၀ဟာ ငယ်ငယ်တုန်းက လက်ရေးလှ စာရွက်ပေါ်မှာ ၀လုံးလေးတွေဝိုင်းနေအောင်ရေးရတဲ့အခါ စိတ်တိုင်း မကျလို့ဆုပ်ဖြဲပစ်ခဲ့ရတဲ့ စာမျက်နှာတွေလိုပါဘဲ။ အသစ်ကပြန်စရပေါင်းလည်း ဘယ်နည်းပါတော့မလဲ။
“အိုမင်းရင့်ရော်နေတဲ့အတိတ်ကို
နားခိုခွင့်ပေးလိုက်ပြီ ချစ်သူ”
၂၀၁၂ကို အနားယူခွင့်ပေးလိုက်ပါပြီ၊ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ရေစီးနဲ့အတူ အိုမင်းရင်ရော်နေတဲ့ ရွက်ဟောင်းတွေ၊ ကာရံမညီခဲ့တဲ့ နှလုံးသားရဲ့ ဆွေးမြေ့သံစဉ်တွေ၊ အဲဒီတုန်းကတော့ ဆွေးမြေ့မယ်လို့ မထင်ခဲ့မိတာ အမှန်ပါ၊
အဲဒီတုန်းကတော့ အချစ်ကြောင့်ပျော်ရွှင်ခဲ့ရတာရှိခဲ့သလို၊ အချစ်ကြောင့်လည်း လွမ်းဆွေးခံစားရတာရှိတယ် နှစ်သစ်အတွက် ကာရံတွေမညှိချင်ဘူး၊ တစ်ခန်းရပ်ပြဇတ်တစ်ပုဒ်လို အဆုံးသတ်လိုက်တာမျိုးမဟုတ်ပေမယ့် ၂၀၁၂ထဲမှာပဲရှိစေချင်တယ်လေ။
ခင်မင်ရတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေအားလုံးလည်း အဲဒီတုန်းက ပြောမှားဆိုမှာရှိခဲ့တာတွေကို ၂၀၁၂နဲ့အတူ ပြက္ခဒိန်မှတ်တမ်းထဲမှာမြုပ်နှံပေးကြပါ။
ကျွန်တော်ဘ၀မှာ ပျော်ရွှင်ရဆုံးတစ်နေ့ရှိခဲ့တယ် မေလထဲမှာပေါ့၊ ရင်နဲ့ပျိုးခဲ့ရတဲ့ သစ်ပင်ငယ်လေး အနောက်တောင် မုတ်သုန်မိုးနဲ့အတူ စေတနာရှင်လူငယ်များဆိုတဲ့ လူမှုရေးပရဟိတလူငယ်တွေ စုစည်းနိုင်ခဲ့တယ်။
ရှစ်လသားအရွယ်ရှိပေမယ့် အိပ်ယာဝင်တိုင်း သတိရနိုင်တဲ့ စည်းနှောင်မှု့တွေနဲ့ လက်တွဲခဲ့ကြတယ်။ ဒိုင်ယာယီကိုပြန်လှန်ကြည့်မိတိုင်း အတွေးနယ်မြေချဲ့ထွင်လို့မဆုံးနိုင်ဘူး။
နောက်ဆုံး ဒီဇင်ဘာမှာပေါ့ ကျွန်တော်ဘ၀အသစ်အတွက်ရင်ဆိုင်ဖို့ဆုံးဖြတ်မိခဲ့တာ ..
အဲဒီ့နေ့က ကျွန်တော့်ဒိုင်ယာရီစာအုပ်လေးရဲ့ ဟိုးရှေ့ဖက်ခပ်ကျကျ စာမျက်နှာလေးဆီကို ပြန်လှန်ဖြစ်ခဲ့တယ်.
ပြီးတော့ စကားလုံးလေးနှစ်လုံးရဲ့ ဘေးနားမှာ အမှတ်ကလေးနှစ်ခုခြစ်ခဲ့လိုက်တယ်.. တစ်ခုက
ကျွန်တော်သတင်းသမား ...ကျွန်တော်ချစ်သူထက်မြတ်နိုးမယ်
တစ်ခုက
စေတနာရှင်လူငယ်များ ...ကျွန်တော် အချိန်တွေ အဲဒီအတွက်ပေးမယ်
၂၀၁၂ကို ကျွန်တော်နှုတ်ဆက်ပါတယ် ...လာမည့်နှစ်သစ်အတွက် အားအင်တွေနဲ့ တက်ကြွနေမိတာတော့ အမှန်ပါဘဲ။
“တကယ်တော့လည်း ထာဝရဆိုတာ
အဆက်မပြတ်ဖြစ်နေတဲ့ တဒင်္ဂလေးများစွာပါပဲ”

 

ဖိုးဝလုံး (31December 2012)

bottom of page