top of page

ခေါင်းလောင်းသံလေးကြားချင်ပြီ

     ကျောင်းတွေ စပြီးဖွင့်တဲ့ ဇွန်လရဲ့ ပထမဦးဆုံး အပတ်ရဲ့ကျောင်းပိတ်ရက်တနင်္ဂနွေနေ့၊  ရန်ကုန်မှ လူငယ်ပရဟိတအဖွဲ့တွေစုပြီး အေးရွာလေးဆိုသော ရွာတွင်ရှိသည့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးဆီသို့ ချီတက်ခဲ့ကြသည်။
ညောင်တုန်းမြို့ကိုသွားသည့်လမ်းအတိုင်း ရန်ကုန်မှ မိုင် ၃၀ခန့် ကားဖြင့်သွားရသည်။ မနက် ၁၀နာရီမှာ ကားကို မဲဇလီဒလတံတားထိပ်တွင် အပ်ထားခဲ့ပြီး ပန်းလှိုင်မြစ်ကို စက်လှေဖြင့်ဖြတ်ရသည်။ မြစ်ပြင်ကိုဖြတ်ကူးဖို့ တရုတ်နီအင်ဂျုင်တပ်၊ အသေးစားပဲ့ချိတ်လှေနှစ်စင်းက ကျွန်တော်တို့အဖွဲ့တွေကို အသင့်စောင့်နေကြသည်။ ဆရာတော်က ကြိုတင်စီစဉ်ထားတာ ဖြစ်ကြောင်းသိရသည်။ မုတ်သုံလေက မြစ်ရေပြင်ကို ထိတွေ့စဉ် လှိုင်းအနည်းငယ်ရှိတာမို့ အဖွဲ့ထဲမှာ ပါလာတဲ့ မိန်းကလေးတစ်ချို့ စက်လှေပေါ် ၌ စကားမပြောဘဲ ငြိမ်ငြိမ်လေး ထိုင်နေကြသည်ကို တွေ့ရသည်။
တစ်ချို့ကတော့ အတွေ့ကြုံအသစ်ကြောင့် ဂဏာမငြိမ်ဖြစ်နေကြသည်။ စက်လှေမောင်းသမားကတော့ တည်တည်ငြိမ်ငြိမ်နှင့်မောင်းနှင်နေသည်။

မိုးဦးကျခါစ ရာသီဥတုကြောင့် မြစ်ရေမှာ နုန်းရေများပျော်ဝင်လျှက်ရှိသည်။ မြစ်လယ်ရောက်တော့ မိုးဦးရဲ့ရနံ တွေပါတဲ့ လတ်ဆတ်တဲ့လေနုအေးလေးရဲ့ အထိအတွေ့ကြောင့် အားလုံး လန်းဆန်းတက်ကြွ သွားကြသည်။ မြစ်ကမ်းတစ်လျှာက် ရှိသည့် အပင်များကလည်း စိမ်းစိမ်းစိုစိုရှိသည်။
အေးရွာလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ထဲက အေးရွာလေးကျေးရွာ၌ရှိပြီး သူငယ်တန်းကနေ ၅တန်းအထိသင်ကြားပေးလျှက်ရှိသည်။ ပန်းလှိုင်မြစ်တစ်ဖက်ကမ်းနဖူးမှာ အိမ်ခြေ ၁၀၀ကျော်ရှိတဲ့ ကျောင်းစုရွာ ရှိသည်။ ထိုရွာကလေးတွင်အခြေခံပညာမူလတန်းကျောင်းရှိသည်။ အေးရွာလေးအပါအ၀င် ပတ်ဝန်းကျင်ရွာများက မူလတန်းကျောင်းသားကျောင်းသူလေးများ ထိုကျောင်းမှာလာစုကြသည်။ အေးရွာလေးကနေ ကျောင်းစုရောက်ဖို့ ၃မိုင်ကျော်ခန့် လယ်ကွင်းတွေကိုဖြတ်ပြီးခြေကျင်ခရီးကိုဆက်ရသည်။
ကျောင်းစုရွာအပြင်ရောက်တော့ မြေသင်းနံ့နှင့် နွားချေးနံ့ ရှုရှိုက်ကြရသည်။ မိုးရွာထားသဖြင့် ကန်သင်းရိုးများပေါ်တွင် လမ်းလျှောက်ရင်း အရှိန်မထိန်းနိုင်ကြသူများချော်လဲကုန်ကြရသည်။
     “အရင်ကဆိုရင် ရွာထဲက ကလေးတွေဟာ ရွာနဲ့၃မိုင်လောက်ဝေးတဲ့ကျောင်းစုအထိကျောင်းသွားတက်ကြပြီး ကလေးအများစုရဲ့ပညာရေးကတစ်ဖက်၊ မိသားစုအလုပ်တွေကတစ်ဖက်နှင့် မိဘတွေအနေနဲ့ အခက်အခဲတွေ့ကြရပါတယ်၊ မိုးတွင်းဆိုရင် လှေနဲ့သွားရတယ်”ဟု ရွာသားတစ်ဦးကပြောပြသည်။
ထိုဒေသရှိရွာများမှ ကလေးများသည် ၄တန်းအထိသာကျောင်းဆက်နေနိုင်ကြပြီး အများသောအားဖြင့် ကျောင်းဆက်မတက်နိုင်ကြကြောင်း ဒေသရွာသားများ၏ပြောပြချက်အရ သိရသည်။
မိဘကျန်းမာရေးမကောင်းသောကြောင့်ကျောင်းဆက်ပြီးမတက်နိုင်တော့ဘဲ သူမအိမ်ရဲ့လုပ်ငန်းကို ကူညီလုပ်ကိုင်နေရသူ အသက် ၁၄နှစ် အရွယ်ကရင်တိုင်းရင်းသူလေး စန်းစန်းက “သမီးသူငယ်ချင်းတစ်ယောက်ကတော့ ဟိုဘက်ကမ်းမှာကျောင်း သွားတက်တယ်”ဟုပြောသည်။
မဲဇာလီဒလတိုက်နယ်တွင် အခြေခံပညာအထက်တန်းကျောင်းရှိပြီး အေးရွာလေး နှင့် ပန်းလှိုင်မြစ်တစ်ဖက်ကမ်းခြားထားသည်။
“ရွာမှာ ၁၀တန်းအထိတက်နိုင်တဲ့သူတွေက မဲဇာလီဒလမှာ ဆွေမျိုးသားချင်းရှိတဲ့သူတွေလောက်ပဲ ကျောင်းဆက်တက်နိုင်ကြတာ၊ ဒါတောင်တစ်ယောက်ပဲရှိတယ်၊ ဘွဲရတဲ့သူကတော့ တစ်ယောက်မှမရှိဘူး” ဟု ရွာခံဒေါ်စန်းမြက ပြောပါသည်။
ပန်းလှိုင်မြစ်ကမ်းပါးဘေးက ကျေးရွာများဖြစ်ကြတဲ့ ချစ်တီးကုန်း၊ ပညို၊ကုက်္ကိုစု စသော အိမ်ခြေ ၃၀၊ ၄၀ ခန့်ရှိသော ရွာတန်းလေးများရှိသည်။ အိမ်အများစုသည် ခြေတံရှည်အိမ်များဖြစ်ကြပြီး အများစုက လယ်ကွင်းစပ်တွင်ရှိကြသည်။
မြစ်ရေလွှမ်းသောရေနက်ကွင်း လယ်မြေများကိုလုပ်ကိုင်ကြပြီး ၀မ်းစာအတွက် ဘဲမွေးမြူရေးနှင့် တံငါလုပ်ငန်းလုပ်ကိုင်ကြကြောင်းသိရသည်။
ကျောင်းဖြစ်မြောက်ရေးအတွက် ဆရာတော်နှင့်အတူ ကူညီလုပ်ကိုင်ပေးနေသူ အသက် ၅၁နှစ်အရွယ် ဦးမြင့်သိန်းက“ ကျွန်တော် ကလေးတွေရဲ့အနာဂတ်အတွက် ပညာရေးကအရေးကြီးတယ်။ ကျွန်တော်တို့က ပညာမတတ်တော့ ပင်ပင်ပန်းလုပ်ကိုင်ရှာဖွေးစာသောက်ရတယ်” ဟုပြောသည်။ ရွာဦးဘုန်းကြီးကျောင်းဆရာတော် ဦးတေဇိန်္ဒ ဦးဆောင်ပြီးဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို လွန်ခဲ့သော ၃နှစ်ခန့်က အေးရွာလေး၌ စဖွင့်ခဲ့သည်။ ကျောင်းစဖွင့်သည့်နှစ်က ဆောက်လုပ်ခဲ့သည့် ၀ါးကျောင်း(စာသင်ကျောင်း)ကလေးဟာ အခုမရှိတော့၊ ရာသီဥတုဒဏ်ကြောင့် ဆွေးမြေ့လာပြီး အ်္တရာယ်ရှိတဲ့ အနေအထားဖြစ်လာ၍ ဖျက်လိုက်ရကြောင်း ဆရာတော်ကပြောသည်။ လက်ရှိအနေအထားအရ ကျောင်းဆောင်အဟောင်းကိုဖျက်ပြီး ကျောင်းသစ်ဆောက်ရန် အုတ်မြစ်ချထားပြီး စာသင်ရန်နေရာကို ဘုန်းကြီးကျောင်းပေါ်တွင် စာသင်ခုံများ၊ စာရေးစားပွဲ ၀ိုင်းများချပြီး စာသင်မည့်နေရာချထားပေးကြောင်းသိရသည်။
“မိုးရွာတဲ့အခါကျရင် တစ်ချို့နေရာတွေက မိုးပက်တယ်၊လေကြမ်းတဲ့အခါဆို မလုံဘူး၊ ဘုန်းကြီးကသိမ်ထဲကိုပြောင်းပြီးရင် သူတို့ကို ဒီနေရာမှာထားမယ်”ဟုဆရာတော်ကပြောသည်။
သညနာသမန အဖွဲ့က စာသင်ကျောင်းဆောက်ရန်မတည် ငွေကြေးအကူညီပေးမှုကြောင့် ကျောင်းဆောင်အသစ်အတွက် အောက်ခြေအုတ်မြစ်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမည့်ကာလကို မခန့်မှန်းနိုင်သေးကြောင်း သိရသည်။ ကျောင်းအိမ်သာတစ်လုံးကို အလှူရှင်တစ်ဦးက ဆောက်ပေးထားခြင်းဖြစ်ပြီး အပြီးမသတ်နိုင်သေးကြောင်းသိရသည်။   အရင်ကအသုံးပြုရသောကျောင်းအိမ်သာဟောင်းမှာ နွယ်ပင်မြက်ရိုင်းပင်များ၏ အလယ်တွင် လဲပြိုတော့မည့်အနေအထားရှိနေသည်ကိုတွေ့ ရသည်။
ကျောင်းအသစ်ဆောက်ပေးမည့်အစီအစဉ်တွင် ကျောင်းအိမ်သာ တွဲ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိကြောင်း ကျောင်းဖြစ်မြောက်ရေးတာဝန်ခံ ကိုမင်းထက်က ရှင်းပြသည်။
“မိုးတွင်းရေတက်တဲ့အချိန်ဆိုရင် ကျောင်းကိုလှေနဲ့လာရတယ်၊ လက်ရှိအနေအထားမှာဆိုရင် အိမ်သာက အနီးနားမှာ မရှိဘူးဖြစ်နေတယ်၊ ရှိတဲ့အိမ်သာကလည်း နည်းနည်းလေးဝေးနေတော့ မိုးလေထန်ပြီး ရေတက်ချိန်တွေဆိုရင် ကလေးတွေအတွက် အခက်အခဲဖြစ်မယ်”၄င်းကဆိုသည်။
ကျောင်သားကျောင်းသူ ၇၅ယောက်ရှိပြီး ဆရာမ ၃ဦးက သူငယ်တန်းမှ ၅တန်းအထိသင်ကြားပေးလျှက်ရှိသည်။
“စာသင်ခုံတွေက မနှစ်ကလောက်မကောင်းတော့ဘူး၊ တစ်ချို့ကျိုးကုန်ပြီ၊ နွေတုန်းကတော့ သုံးလို့ရတဲ့အပိုင်းကို ပြန်ပြီးပြုပြင်ထားတာတယ်။ ဒါတောင် ကောင်းတာ ၁၅လုံးပဲကျန်တယ်၊ လိုနေတာတော့အမှန်ပဲ ဒါပေမဲ့ စားပွဲဝိုင်းတွေရှိနေတော့ အနည်းနည်းတော်သေးတာပေါ့” ဆရာမဒေါ်အေးအေးမော် က ဆိုသည်။
မိုးရာသီအတွင်းကျောင်းသူကျောင်းသားတွေအပါအ၀င်ရွာသူရွာသားများ၏ကျန်းမာရေးစောင့်ရှောက်မှု မရကြောင်းကျောင်းသားမိဘတစ်ဦးပြောပြသည်။
“နေမကောင်းရင်တော့ ဈေးဆိုင်ကရောင်းတဲ့ ဆေးပြားဝယ်သောက်လိုက်တာပဲ၊ ဆေးဆရာတော့ ရွာမှာမရှိပါဘူး”

မြို့ပေါ်က အစိုးရမူလတန်းကျောင်းများ အထောက်အပံ့များရရှိကြာင်းကြားသိရသော်လည်း ကျောင်းစဖွင့်ခဲ့သည့် အချိန်ကတည်း နိုင်ငံတော်အစိုးရ၏ အထောက်အပံ့မရရှိကြောင်း ဆရာတော်ကပြောသည်။ “ နှစ်တိုင်းကလေးတွေကို ပုံနှိပ်စာအုပ် အလုံအလောက်မပေးနိုင်ဘူး၊ ဘုန်းကြီးနဲ့ အဆက်သွယ်ရှိတဲ့ ဘကကျောင်းတွေကတော့ နှစ်စဉ် သူတို့ဆီမှာ ပိုလျှံတဲ့ စာအုပ်စာတမ်းတွေ၊စာရေးကိရိယာတွေကိုတော့ လက်ခံရရှိတယ်” ဟုပြောသည်။
ရန်ကုန်မြို့နှင့်များစွာ မဝေးလှသော်လည်း ပညာရေးမှာ များစွာနိမ့်ပါးမြဲဖြစ်နေပြီး သွားရေးလာရေးခက်ခဲမှု၊ စီးပွားရေးမဖွံ့ဖြိုးမှုစသော အကြောင်းတရားများသည်ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန် အဟန့်အတားဖြစ်စေ ကြောင်းဆရာတော်ကအမိန့်ရှိသည်။
“ပညာဆိုတာ ချမ်းသားခြင်းရဲ့အကြောင်းတရားပဲ၊ ဒီဒေသက ကလေးငယ်တွေရဲ့ ဘ၀ရှေ့ရေးဟာ သူတို့သင်ခွင့်ရမယ့် ပညာရေးအပေါ်မှာအများကြီးမူတည်တယ်၊ ပညာမရှိရင် အရာရာကိုတွေးခေါ်မြော်မြင်နိုင်စွမ်းရမရှိနိုင်ဘူး၊ ကလေးတွေကိုအဲဒီအမြင်လေးတွေပေးချင်တယ်”ဟု ဆရာတော်က ရှင်းပြသည်။
ကျောင်းတက်ခေါင်းလောင်းသံကို မကြားခဲ့ရပါ (ကျောင်းပိတ်ရက်ဖြစ်နေခြင်းကြောင့်ဖြစ်မည်ထင်သည်)“ဘာပဲဖြစ်ဖြစ် ဒီကျောင်းလေးအောင်မြင်စွာဆောက်ပြီးတဲ့ အချိန်ကျရင်တော့ ကျောင်းတက်ခေါင်းလောင်းလေးတစ်ခုကိုတော့ ကိုလာပြီးတော့ လှူရမယ်”ဟု စေတနာရှင်လူငယ် ကိုစန်းနိုင်ပြောပြသည်။
ယခုအခါ ရန်ကုန်မြို့ပေါ်ရှိ လူငယ်ပရဟိတ အဖွဲ့များသည်လေ့လာရေးခရီးစဉ်မှတွေ့ရှိချက်များကို ၄င်းတို့ သက်ဆိုင်ရာအဖွဲ့များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ကျောင်းဖြစ်မြောက်ရေးကို ၀ိုင်းဝန်းဆောင်ရွက်နေကြပြီး ဘဏ္ဍာငွေစုဆောင်းရေး၊အရေးပေါ် လိုအပ်ချက်များကို ထောက်ပံ့ကူညီရေး အစီအစဉ်များကိုဆောင်ရွက်ပြီဖြစ်သည်။
ကျောင်းဖြစ်မြောက်ရေးကိစ်္စနှင့်ပတ်သက်၍ ကူညီဆောင်ရွက်နေသူ

မအိခိုင်(စန်းရေကြည် ပရဟိတအဖွဲ့) ၀၉ ၇၃၀ ၇၄ ၁၂၃

ကိုမင်းထက် ဖုန်း ၀၉ ၄၃၀ ၄၁၇ ၈၇

ကိုစန်းနိုင်(စေတနာရှင်လူငယ်)၀၉ ၄၂၈၀၀ ၅၄ ၁၀ တို့ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
 

ဖိုးဝလုံး

 

 

bottom of page